ကူးစက်နှုန်းမြင့်မားနေတဲ့ အိုမီခရွန်မျိုးကွဲသစ်တွေ
ကိုဗစ်ကပ်ဘေးကြီးရဲ့ သက်တမ်းက ၂ နှစ်အတွင်းကိုတောင် ချဉ်းနင်းဝင်ရောက်လို့လာနေပါပြီ။ လူသန်းပေါင်းမြောက်များစွာရဲ့ အသက်ကို ခြွေယူခဲ့ပြီး ကမ္ဘာတစ်ဝှမ်း စီးပွားရေး၊ လူမှုရေးကသောင်းကနင်းဖြစ်မှု အထွေထွေကို ဖန်တီးခဲ့တဲ့ ဒီဗိုင်းရပ်စ်မျိုးစိတ်ရဲ့ ဒုက္ခပေးနေမှုတွေက ယနေ့အချိန်အထိ အရှင်းမပြီးဆုံးနိုင်သေးပါဘူး။ ဒီကာလအတွင်းမှာ လူပေါင်း ၅၅၁ သန်းကျော် ရောဂါပိုးကူးစက်ခံခဲ့ရပြီး လူ ၆ သန်းကျော် အသက်ဆုံးရှုံးခဲ့ရပါတယ်။
ကာကွယ်ဆေးတွေ ပေါ်ထွက်လာတာကြောင့် လူသားတို့အတွက် မျှော်လင့်ချက်သစ်တွေနဲ့ ခုခံကာကွယ်ရေးအပိုင်းမှာ ထိရောက်တဲ့ တုန့်ပြန်မှုတွေ ပြန်လည်ပြုလုပ်နိုင်ခဲ့ပေမယ့် ရောဂါပိုးဘက်ကလည်း ပိုမိုဆန်းပြားတဲ့ မျိုးဗီဇ ဆင့်ကဲပြောင်းလဲမှုတွေ ဆက်တိုက်ဖြစ်ပေါ်နေတာမို့ ကာကွယ်ဆေးနဲ့ ကိုယ်ခံအားစနစ်တို့ မကယ်နိုင်သေးတဲ့ မျိုးကွဲတွေလည်း ဆက်လက်ပေါ်ထွက်လာနေပါတယ်။
ပြီးခဲ့တဲ့ မတ်လဝန်းကျင်တုန်းက ကူးစက်နှုန်းသိသိသာသာ ကျဆင်းသွားခဲ့တဲ့ ကိုဗစ်ရောဂါဟာ အိုမီခရွန်မျိုးစိတ် BA4 နဲ့ BA5 မျိုးစိတ်တွေ ပေါ်ထွက်လာမှုနဲ့အတူ ဇွန်လလယ်လောက်နေစတင်ပြီး ကမ္ဘာတစ်ဝှမ်းမှာ ကူးစက်နှုန်းပြန်လည်မြင့်တက်လာခဲ့ပါတယ်။ အိမ်နီးချင်းထိုင်းနိုင်ငံမှာဆိုရင် ဇူလိုင်လအတွင်းမှာ နေ့စဉ်ကူးစက်မှုနှုန်း တစ်နေ့ကို ၂၀၀၀ ဝန်းကျင်အထိရှိလာတဲ့အထိပါပဲ။ ဗြိတိန်မှာဆိုရင်လည်း တစ်ပတ်အတွင်းမှာ လူနာအရေအတွက် ၁၈% အထိ တိုးပွားလာခဲ့ပါတယ်။
ဒီလိုမျိုးဖြစ်ပေါ်လာစေရတဲ့ အဓိကအကြောင်းအရင်းကတော့ BA4 နဲ့ BA5 မျိုးစိတ်တွေဟာ လက်ရှိမှာ ထုတ်လုပ်နေကြတဲ့ ကိုဗစ်ရောဂါ ကာကွယ်ဆေးတွေနဲ့ ကာကွယ်လို့မရနိုင်သေးသလို လူ့ခန္ဓာကိုယ်အတွင်းက ကိုယ်ခံအားစနစ်ကလည်း ၎င်းမျိုးစိတ်သစ်ကို အမှတ်အသားမပြုနိုင်သေးတာကြောင့်လို့ ဆေးသိပ္ပံပညာရှင်တွေက ထောက်ပြထားကြပါတယ်။
ရောဂါလက္ခဏာသစ်
Covid ကာလတစ်လျှောက် မျိုးဗီဇ ဆင့်ကဲပြောင်းလဲမှုတွေ ဆက်တိုက်ဆိုသလိုဖြစ်ပေါ်ခဲ့ပြီးတော့ နောက်ဆုံးဖြစ်တည်နေတာက အိုမီခရွန် (Omicron) လို့ခေါ်တဲ့ ဗီဇပြောင်း မျိုးစိတ်ပါ။
၂၀၂၁ ခုနှစ် အောက်တိုဘာလတုန်းက တောင်အာဖရိကနိုင်ငံမှာ စတင်တွေ့ရှိခဲ့တဲ့ အိုမီခရွန်မျိုးစိတ်ဟာ လက်တလောအချိန်အထိ ကမ္ဘာတစ်ဝှမ်းမှာ ကူးစက်ပြန့်နှံ့နေဆဲဖြစ်ပြီးတော့ မျိုးကွဲသစ်တွေလည်း ဆက်လက်ပေါ်ထွက်နေပါတယ်။ ဒါ့အပြင် အိုမီခရွန်ဟာ မူလမျိုးစိတ်တွေထက် ပိုမိုအားပျော့တဲ့မျိုးစိတ်တစ်ခုဖြစ်တယ်လို့ ခန့်မှန်းခံထားရပေမယ့်လည်း အသက်သေဆုံးမှုတွေကတော့ ရှိနေဆဲပါ။
လက်ရှိအချိန်မှာတော့ ကျန်းမာရေးပညာရှင်တွေဟာ အဆိုပါ အိုမီခရွန်မျိုးစိတ်သစ်တွေကို ကိုင်တွယ်နိုင်ဖို့ နည်းလမ်းရှာဖွေမှုတွေနဲ့ လေ့လာဆန်းစစ်မှုတွေကို အဆက်မပြတ်ပြုလုပ်နေပြီး ၎င်းမျိုးစိတ်တွေနဲ့ပတ်သက်ပြီး အချက်အလက်တွေလည်း ပိုမိုသိရှိလာရပြီဖြစ်ပါတယ်။
လေ့လာချက်တွေအရ BA4 နဲ့ BA5 မျိုးစိတ်သစ်တွေ ကူးစက်ခံရမယ်ဆိုရင်
- နှာစေးတာ
- ချောင်းဆိုးတာ
- လည်ချောင်းနာတာ
- ကြွက်သားနာကျင်တာ
- အားမရှိသလိုမျိုး နွမ်းနယ်ပင်ပန်းလွန်းတာ
စတဲ့ ပုံမှန် ကိုဗစ်ရောဂါလက္ခဏာတွေကို ခံစားရမှာဖြစ်ပေမယ့် ပုံမှန်ကိုဗစ်နဲ့ မတူညီတဲ့ ရောဂါလက္ခဏာသစ်တွေလည်း ထပ်မံတိုးလာတယ်လို့ သိထားရပါတယ်။ အော့အန်တာ၊ မူးဝေတာနဲ့ ညဘက်တွေမှာ ချွေးအလွန်အမင်းထွက်တာတွေပါ။
ညအချိန်တွေမှာ ချွေးထွက်လွန်ခြင်းဟာ ထူးခြားတဲ့လက္ခဏာတစ်ခုဖြစ်ပြီး ကိုဗစ်မျိုးစိတ်အားလုံးရဲ့ လက္ခဏာတွေထဲမှာ တစ်ခါမှ မပါဝင်ဘူးတဲ့လက္ခဏာရပ်တစ်ခုဖြစ်ပါတယ်။ အလွန်အေးတဲ့ အခန်းအပူချိန်မျိုးနဲ့ အိပ်စက်မယ်ဆိုရင်တောင်မှ BA5 မျိုးစိတ်သစ် ကူးစက်ခံထားရသူတွေဟာ ချွေးတလုံးလုံးနဲ့ ပင်ပန်းနွမ်းနယ်စွာ နိုးထရမှုတွေကို ကြုံတွေ့ကြရတယ်လို့ ဗြိတိန်သိပ္ပံပညာရှင်တွေက လေ့လာတွေ့ရှိထားကြပါတယ်။
ဒါပေမယ့်လည်း ဆေးသိပ္ပံပညာရှင်တွေကတော့ ကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံထားသူတွေဟာ ရောဂါကူးစက်ခံရနိုင်ခြေရှိနေရင်တောင်မှ ပြင်းထန်တဲ့ ဘေးထွက်ဆိုးကျိုးတွေကို ခံစားရနိုင်ခြေမရှိဘူးလို့ ယုံကြည်နေကြပါတယ်။
သတိထားရမယ့် BA4 နဲ့ BA5
လွန်ခဲ့တဲ့ ရက်သတ္တပတ်အနည်းငယ်တုန်းကပဲ ဗြိတိန်နိုင်ငံက ကျန်းမာရေးသုတေသီတွေရဲ့ လေ့လာချက်တွေအရ လက်တလောမှာသိလာရတာကတော့ အိုမီခရွန်ပိုး ကူးစက်ခံခဲ့ရဖူးတဲ့ လူနာဟောင်းတွေဟာ အိုမီခရွန်ရဲ့ မျိုးစိတ်သစ်တွေနဲ့ နောင်လာမယ့် ကိုဗစ်ပိုးအသစ်အဆန်းတွေကို ဟန့်တားနိုင်စွမ်းမရှိဘူးဆိုတဲ့ အချက်ကို သိထားခဲ့ကြရပါတယ်။
အများသိထားကြသလို အိုမီခရွန်ဟာ ပြင်းအားအဆင့် ပျော့ပြောင်းတဲ့ ကိုဗစ်ပိုးအမျိုးအစားဖြစ်ပေမယ့် သူဟာ ကိုယ်တွင်းက ကိုယ်ခံအားစနစ်ကို အတော်လေး ဒုက္ခပေးနိုင်စွမ်းရှိနေပြီး ကိုယ်ခံအားစနစ်က မမှတ်မိနိုင်သည့် အသွင်သဏ္ဍာန်မျိုးဖြင့် ကိုယ်တွင်းတွင် ပုန်းကွယ်နေနိုင်စွမ်းရှိနေတယ်လို့ လန်ဒန်မြို့အခြေစိုက် Imperial College London က သုတေသီတွေက အစီရင်ခံထားပါတယ်။
ဒီမျိုးစိတ်တွေဟာ အကြမ်းဖျဉ်းအားဖြင့် ပြင်းထန်မှုနည်းပါးတယ်လို့ထင်ရပေမယ့် ပြန်လည်ကူးစက်နိုင်စွမ်းနဲ့ အော့အန်တာ၊ မူးဝေတာတွေဖြစ်နိုင်ခြေကတော့ အလွန်များကြောင်း သိလာရတာပါ။ ဥရောပတစ်လွှားမှာလည်း အိုမီခရွန်မျိုးစိတ်သစ်တွေဖြစ်တဲ့ BA.4 နဲ့ BA.5 တို့ရဲ့ ကူးစက်ပျံ့နှံ့မှုတွေ ဆက်လက်တိုးတက်လာနေပြီး စိုးရိမ်ဖွယ် အခြေအနေတစ်ရပ်ကို ပြန်ရောက်လာနိုင်ခြေရှိတယ်လို့ European Centre for Disease Prevention and Control က ပြီးခဲ့တဲ့ ဇွန်ကတည်းက သတိပေးထားပါတယ်။
မပေါ့ဆပါနဲ့ဦး
ခုချိန်အထိ ကမ္ဘာကြီးဟာ ကိုဗစ်ကပ်ဘေးကနေ ၁၀၀% လွတ်ကင်းနေသေးတာမဟုတ်သေးပါဘူး။ ရောဂါပိုးတွေဟာ ဆက်လက်ပျံ့နှံ့နေဆဲဖြစ်ပြီး ဂရုတစိုက်ကာကွယ်ထားနိုင်ဖို့လည်း လိုအပ်နေပါသေးတယ်။ ဘာကြောင့်လဲဆိုရင်တော့ ဒီရောဂါအတွက် ကာကွယ်ဆေးသာရှိသေးပြီး ကုသဆေးမရှိသေးသလို မျိုးစိတ်သစ်တွေလည်း ဆက်လက်ပေါ်ထွက်နေသေးတာကြောင့်ပါ။
အိုမီခရွန်အပါအဝင် ကိုဗစ်ပိုးတွေကို ကာကွယ်ဖို့အတွက်
၁။ လက်ကို စနစ်တကျနဲ့ မကြာခဏဆေးတာ၊
၂။ အပြင်ထွက်တဲ့အခါ Mask တပ်တာ၊
၃။ ရောဂါလက္ခဏာတွေရှိနေရင် ဆေးကုသမှုခံယူတာတွေ ပြုလုပ်ပြီး ကာကွယ်နိုင်ပါတယ်။ မိမိကိုယ်တိုင်နဲ့ မိမိတို့ရဲ့ မိသားစုဝင်တွေအတွက် ခုချိန်မှာ သတိရှိကြဦးစို့ရဲ့။